ပြည်တွင်း၌ တစ်ပတ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၃ ဦးတွေ့ရှိကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။
ယမန်နေ့(ဇူလိုင် ၈ ရက်) တွင် ၁၉ ဦး၊ ဇူလိုင် ၇ ရက်တွင် ၂၂ ဦး၊ ဇူလိုင် ၆ ရက်တွင် ၈၃ ဦး၊ ဇူလိုင် ၅ ရက်တွင် ၆၁ ဦး၊ ဇူလိုင် ၄ ရက်တွင် ၃၆ ဦး၊ ဇူလိုင် ၃ ရက်တွင် ၂၀ ဦး၊ ဇူလိုင် ၂ ရက်တွင် ၂၂ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ကိုဗစ်ဖြစ်ပွားမှုစတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်ကာ ယမန်နေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀,၉၀၄,၀၁၃ ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၄၀,၇၃၇ ဦးရှိပြီဖြစ်ကြောင်း နစက၏ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ထားပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၁၉,၅၆၀ ဦးရှိပြီး၊ သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ဦးရှိကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည့် မျိုးရိုးဗီဇပြောင်းပိုးအိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက်ဖြစ်ပွားသည့်ဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇ ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများမှာ ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုမှာလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း၊ အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင်မူ ကူးစက်မှုနှုန်းပိုမိုမြင့်မားနိုင်ကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။