ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီး ကျောက်တစ်လုံး လမ်းမကြီး၊ အဝေရာမီးပုံးပျံကွင်းပျံကွင်းမှာ ပြည်ထောင်စုနေ့ အကြိုအခမ်းအနားအဖြစ် ဒီနေ့ (ဖေဖော်ဝါရီ ၁၁)ည ၆ နာရီကစပြီး ကျင်းပနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
တေးဂီတအစီအစဉ်တွေ အပါအဝင် မီးပုံးပျံလွှတ်တင်ပြီး အခန်းအနား ဖွင့်လှစ်ခဲ့ရာ မီးပုံးပျံအားလုံး မီးလောင်ပြာကျ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မီးပုံးပျံကွင်းအနီး နေထိုင်သူ တစ်ဦးက “ရှေ့ဘက် တောင်တစ်ခုလုံး မီးလောင်နေတာ။ စစ်ဖြစ်နေတဲ့ အတိုင်းပဲ။ ဒါမျိုး ရုပ်ရှင်ထဲပဲ မြင်ဖူးတာ။ ဒီကောင် (စစ်ကောင်စီ)တွေ ရှိတဲ့နေရာ ကံဆိုးခြင်းတွေ လာတာပဲ” လို့ ပြောပါတယ်။
မီးပုံးပျံ ကျရောက်တဲ့ တောင်ကြီးတက္ကသိုလ်အရှေ့ဘက် တောင်ကုန်း နေရာအများစု မီးလောင်ကျွမ်းနေပြီး မီးငြိမ်းသတ်ဖို့ မီးသတ်ကား ၅ စီး တောင်ပေါ်တက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
လတ်တလောထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲ ဖြစ်ပြီး တောင်ကြီးတက္ကသိုလ် ဝန်ထမ်းဆောင်တချို့ ထိခိုက်နိုင်တယ်လို့ အဝေးက တွေ့မြင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဝေရာ မီးပုံးပျံကွင်းမှာ ဖေဖော်ဝါရီလ ၇ ရက် ရှမ်းပြည်နယ်နေ့ကတည်းကနေ မနက်ဖြန် ကျရောက်မယ့် ပြည်ထောင်စုနေ့အထိ ပြခန်း၊ ဈေးရောင်းပွဲတော်နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပြုလုပ်သွားမှာ ဖြစ်တာကြောင့် ကျောက်တစ်လုံး လမ်းမကြီးတစ်လျှောက် ပျံကျဆိုင်ခန်းတွေ ပိတ်ထားရပြီး ဈေးသည်တွေ အခက်တွေ့နေတယ်လို့ စုံစမ်း သိရပါတယ်။