စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၍ အသက်(၇ဝ)အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)ည ၁၁ နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊တန့်ဆည် – ကံထူးမ – ကလေးဝလမ်းပိုင်းရှိ ပန်းထိမ်ကုန်းကျေးရွာ အနီးသို့ စစ်တပ်က YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် ကျေးရွာအပြင် လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၇၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
” တနေ့ကပစ်တဲ့နေရာနဲ့ နည်းနည်းတော့ကွာတယ်။ ဒါပေမယ့် ပစ်တဲ့နေရာတွေက တန့်ဆည်နယ်ထဲမှာပဲ။”ဟု People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ရက်ကလည်း တန့်ဆည်မြို့နယ်၊တန့်ဆည်-ကံထူးမ-ကလေးဝလမ်းပိုင်းပေါ်ရှိ မိုင်တိုင် (၃၈၊ ၃၉၊ ၅၁) မယ်တော်ကြီးတောင်တက်အထိ ၂ရက်ဆက်ခြောက်ကြိမ်ထက်မနည်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက် ဒဏ်ရာရပြီး ကုန်တင်ကား နှစ်စီးထက်မနည်း ပျက်စီးခဲ့ကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ကရင်နီပြည်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သေးသည်။