ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး ၇၆ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာပြုလုပ်ခဲ့ကြပါတယ်။
၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ် ဦးနန္ဒာစစ်အောင်တို့က အောက်မေ့ဖွယ်အမှတ်တရစကားတွေ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်များ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ကောင်စီများ၊ ပြည်နယ်အုပ်ချုပ်ရေးကောင်စီများရဲ့ ကိုယ်စားလှယ်များက အာဇာနည်နေ့ အောက်မေ့ဖွယ် အမှတ်တရစကားတွေ ပြောကြားခဲ့ကြပါတယ်။
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကာ ကျဆုံးသွားကြတဲ့ သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်စွန့်သွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းအပေါင်းတို့အား အလေးပြုခဲ့ကြပါတယ်။
အဲဒီနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသတွေမှာရှိတဲ့ PDF တပ်ရင်း/တပ်ဖွဲ့ တွေက အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုတဲ့ ဗီဒီယိုတွေကို ထုတ်လွှင့်ပြသတာ၊ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှည်တွေက အာဇာနည်နေ့ အောက်မေ့ဖွယ် သဝဏ်လွှာဖတ်ကြားတာ၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာ၊ အာဇာနည်နေ့ မှတ်တမ်းရုပ်ရှင် ပြသတာတွေ ပြုလုပ်ခဲ့ကြ ပါတယ်။
၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ကျေးဇူးတင်စကားကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပေးပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။
ဒီနှစ်ကျရောက်တဲ့ အာဇာနည်နေ့ကို ” အာဇာနည်တို့မျှော်မှန်းချက် ပြည်သူ့အားနဲ့ဆက်ချီတက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ အာဇာနည်ကြီးများမျှော်မှန်းသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်ကို အရောက်လှမ်းနိုင်ဖို့ ပြည်သူလူထုတရပ်လုံး၏စည်းလုံးညီညွတ်မှုအားဖြင့် ကြိုးစားတိုက်ပွဲဝင်ကြရမယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။