ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အချိန်အခါသမယမှာ ကချင်တိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများအားလုံးနဲ့အတူ ရဲဘော် ရဲဘက်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက် ပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေ ကြောင်း ဆန္ဒပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) ဦးဆောင်တဲ့ ကချင်တိုင်းရင်းသားများက တန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှာ မတရားဖိနှိပ်အုပ်ချုပ်မှုများအား လက်နက်ကိုင် စတင်တော်လှန်ခဲ့ကြပြီး ကချင်လူမျိုးများရဲ့ အလေးအမြတ်ထားရာ ကချင်တော်လှန်ရေးနေ့အဖြစ် ဂုဏ်ပြုသတ်မှတ် ကျင်းပခဲ့ကြတာ ဒီနေ့ဆိုရင် ၆၃ နှစ်ပြည့်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။
နှစ်ကာလကြာရှည်ပြီဖြစ်သော်လည်း ကချင်တိုင်းရင်းသားတို့ရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိတို့ က ပိုမိုရှင်သန်တက်ကြွနေဆဲဖြစ်တယ်ဆိုတာနဲ့ ကချင်တိုင်းရင်းသားတို့က စစ်အာဏာရှင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြရုံမျှမက ယနေ့ နွေဦးတော်လှန်ရေးမှာ ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ တော်လှန်ရေးအင်အားစုများအားလုံးနဲ့ အတူလက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက် လေးစားဂုဏ်ယူရပါကြောင်း သဝဏ်လွှာမှာဖော်ပြ ထားပါတယ်။
ဒါအပြင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှုတို့ဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ကချင်အာဇာနည်သူရဲကောင်း ခေါင်းဆောင်ကြီးများနဲ့ တကွ ယနေ့ နွေဦးတော်လှန်ရေး လမ်းခုလတ်မှာ ကျဆုံးသွားခဲ့ကြသော ကချင်အာဇာနည်သူရဲကောင်း အပေါင်းတို့အား သဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနဲ့ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးတို့အတွက် တော်လှန်ရေးအင်အားစုများအားလုံးနဲ့ အတူတကွ ဆက်လက်ကြိုးပမ်းတိုက်ပွဲ၀င်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုပြီး သဝဏ်လွှာကို ပေးပို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။