မြို့သိမ်းတိုက်ပွဲဆင်နွှဲရာမှာ ပြည်ပကရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ ကုမ္မဏီပိုင်ပစ္စည်းတွေကို သိမ်းယူတာ၊ ဖျက်ဆီးတာတွေ မလုပ်ဖို့ ကော်သူးလေတပ်မတော်(KTLA) ဗဟိုက သူရဲ့လက်အောက်ခံရဲဘော်တွေကို အသိပေးစာထုတ်ထားပါတယ်။
“ပြန်လည်ထူထောင်ကြတဲ့အခါ လိုအပ်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်စေချင်တာပါ။ နောက်တစ်ခါ တချို့လုပ်ငန်းတွေက စကစနဲ့မပူးပေါင်းဘဲ ရပ်နားထား တာလည်းရှိတာပါ။ ဒါကြောင့် မလိုလားအပ်ဘဲ ဆုံးရှုံးနစ်နာမှုတွေ ဘယ်အရာကိုမှ မဖြစ်စေလိုခြင်းပါပဲ” လို့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီနဲ့တနည်းတဖုံ ဆက်စပ်နေပြီး လက်ရှိအချိန်မှာ လည်ပတ်နေသေးတဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ကိုတော့ စစ်ကောင်စီနဲ့ပူးပေါင်းတာကို မရပ်ဘဲ ဆက်လက်ပတ်သက်နေရင် အရေးယူခံရမယ်လို့ ရဲဘော်ကိုချမ်းက ပြောပါတယ်။
“တနင်္သာရီတိုင်းအတွင်းမှာတော့ ကာစီနိုလိုလုပ်ငန်းမျိုးတွေကိုတော့ ဟန့်တားသွားမှာဖြစ်တယ်။ ပြင်ပ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ တိုက်ရိုက်ပတ်သက်လွန်းတာတွေဆိုရင် လျှော့ဖို့ ပြောချင်ပါတယ်” လို့ ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံက သတိပေးပါတယ်။
ကော်သူးလေတပ်မတော်(KTLA) ဗဟိုရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ ထောက်တိုင်တွေကိုသာ တိုက်ခိုက်ချေမှုန်းကြဖို့ တိုက်တွန်းထားပါတယ်။
အခုနှစ်အောက်တိုဘာလမှာ ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာအုပ်စု သံသတ္တုမိုင်းတစ်ခုဖြစ်တဲ့ ဖိုးလမိုင်းက အဆောက်အအုံ၊ စက်ယန္တရားတွေနဲ့ လုပ်ငန်းသုံးယာဥ်တွေကို စစ်ကောင်စီနဲ့တရုတ်ပူးပေါင်းထားတဲ့လုပ်ငန်းဖြစ်တယ်လို့ဆိုကာ ကော်သူးလေ တပ်မတော်ကမီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။
ဒါ့အပြင် အခုနှစ်ဇွန်လမှာလည်း စစ်ကောင်စီခေါင်းဆောင်က အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ညွှန်ကြားထားတဲ့ ထားဝယ်မြို့နယ်၊ ဖောင်းတောရွာက ရေအားလျှပ်စစ်စီမံကိန်းအဟောင်းက အဆောက်အအုံ၊ စက်ယန္တရားနဲ့ မြေတူးဘတ်ဖိုးယာဉ်တွေကို ကော်သူးလေတပ်မတော်က မီးရှို့ခဲ့ပါတယ်။