ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်နဲ့ အနီးဝန်းကျင်မှာရှိနေတဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးမယ်လို့ သတင်းများထွက်ပေါ်ပြီး နောက် ၁ ရက်မှာပဲ မြို့ပေါ် ရပ်ကွက်အချို့က နေအိမ်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၈ ရက်ကစပြီး ၂၀ ရက်အထိ ပြည်မြို့နယ်မှာ CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သတင်းတွေ ထွက်လာတာပါ။
“ပြီးခဲ့တဲ့ သောကြာနေ့က နဝင်းရပ်ကွက်ဘက်က အိမ်တွေကို CDM ဝန်ထမ်းတွေ ရှိမရှိ၊ နေမနေ ဆိုတာကို စာရင်းတွေလိုက်စစ်ကြတယ်။ သတင်းထွက်တာကတော့ မစစ်ခင် တရက်ကပါ” လို့ မြို့ခံတဦးက ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းကလည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ဖြစ်တဲ့ အံ့အုန်းသွင် အကောင့်ကနေ CDM ပညာရေးဆရာမတွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက်ရေးသားထားတာတွေ တင်ခဲ့ပါသေးတယ်။
“ကြိုရှောင်ထားတာတော့ ကောင်းပါတယ်။ သူတို့ က မထင်ရင်မထင်သလို ဧည့်စာရင်းစစ်တာမျိုးတွေလည်း လုပ်တော့ ကိုယ့်လူတွေကို ထိမသွားစေချင်ဘူး။ တချို့ကလည်း အေးသွားပြီအထင်နဲ့ ခဏပြန်လာတတ်တာမျိုးရှိတယ်။ ရပ်ကွက်တွေထဲမှာကလည်း ဒလန်သတင်းပေးတွေက စောင့်ကြည့်နေကြတယ်။” လို့ မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောပါတယ်။
စာရင်းတွေအရ ဖမ်းဆီးရမယ့် CDM ၂၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ် လှုပ်ရှားမှုနဲ့ မွေးနေ့ဆုတောင်းမှာလည်း ပြည်ခရိုင်အတွင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ဖြစ်တဲ့ အံ့အုန်းသွင် အကောင့်ကနေ ဖော်ပြဖမ်းဆီးခိုင်းလို့ အဖမ်းခံရသူ ၁၅ ဦးခန့်ရှိခဲ့ပြီး အချို့ လူမှုကွန်ရက်အကောင့်တွေကတော့ လုံခြုံရေးနည်းစနစ်တွေမြှင့်ထားသလို့ friends only နဲ့သာတင်ထားတဲ့ ပို့စ်တွေလည်း ပါဝင်ပါတယ်။