ပြည်သူတွေအနေနဲ့ နှစ်သောင်းတန် စက္ကူလက်မှတ်ကို မသုံးစွဲ ခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီကို တခဲနက် ဆန့်ကျင်ပေးကြဖို့ စစ်ကိုင်းဖိုရမ်က ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းဒေသအခြေပြု တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ အသစ် ထုတ်ဝေလိုက်တဲ့ ကျပ်နှစ်သောင်းတန်ဆိုတဲ့ စက္ကူလက်မှတ်ကို လက်ခံသုံးစွဲသွားမှာ မဟုတ်ဘဲ နိုင်ငံအနှံ့အပြားက ပြည်သူလူထုအနေနဲ့လည်း နှစ်သောင်းတန် စက္ကူလက်မှတ်ကို မသုံးစွဲ ခြင်းအားဖြင့် တခဲနက် ဆန့်ကျင်ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံလိုက်တာပါ။
နိုင်ငံရဲ့ ထိုးကျနေတဲ့ စီးပွားရေးအညွှန်းကိန်းများအရ အခုလို တန်ဖိုးမြင့် ငွေစက္ကူ လက်မှတ်များ ရိုက်နှိပ်လိုက်တာဟာ ပြည်သူလူထုအတွင်း ငွေကြေး ဖောင်းပွမှုများ၊ ငွေတန်ဖိုး ကျဆင်းမှုများ စားဝတ်နေရေးစရိတ်ကြီးမြင့်မှုများ၊ ကုန်ဈေးနှုန်းမငြိမ်သက်ခြင်းများအပါအဝင် အဆုံးစွန်ထိခိုက်နစ်နာမှုများ ကြုံတွေ့နိုင်ပါတယ်။
ဒီနှစ်သောင်းတန် တန်ဖိုးမြင့် ငွေစက္ကူ လက်မှတ်များ ပြည်သူအတွင်း စိမ့်ဝင်ပျံ့နှံ့လာတာနဲ့အမျှ ဆိုးကျိုးပိုမိုကြီးမားလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် တန်ဖိုးမြင့်ငွေစက္ကူလက်မှတ်များ ရိုက်နှိပ်ဖြန့်ချိခြင်းဟာ ဥပဒေအရလည်း တရားမဝင်တဲ့ အပြင် ပြည်သူကိုစီးပွားရေးနည်းနဲ့ ဖိနှိပ်တိုက်ခိုက် သတ်ဖြတ်နေတာဖြစ်တယ်လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ယူဆတယ်လို့ ဆိုပါတယ်။
လက်ရှိကာလမှာ ပြည်သူ့ခုခံတော်လှန်စစ်အပါအဝင် နွေဦး တော်လှန်ရေး အရေးတော်ပုံကြီးကြောင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေး၊ စီးပွားရေး အပါအဝင် အထွေထွေအကြပ်အတည်းကို ကြုံကြိုက်နေရပြီး ရုရှား၊ တရုတ်တို့ဆီက တရားမ ဝင် ချေးငှားထားတဲ့ ကြွေးမြီများလည်း နစ်လျက်ရှိရာ စီးပွားရေးထွက်ပေါက်တစ်ခုအနေနဲ့ အခုလို တန်ဖိုးမြင့် ငွေစက္ကူများ ရိုက်နှိပ်ဖြေရှင်းခြင်းဖြစ်ကြောင်း ထင်ရှားနေတယ်လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က မှတ်ချက်ပြုပါတယ်။
တရားမဝင် အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်မှာ ကျပ်ငွေ နှစ်သောင်းတန်ကို အကန့်အသတ်နဲ့ ထုတ်ဝေမှာဖြစ်တယ်လို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေက တစ်ဆင့် ကြေညာ ထားတာပါ။