ပြည်သူ့ဂုဏ်ရည်ဆုကို ပြည်သူတွေက ပေးတယ်လို့ပဲ မှတ်ယူတဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးက ပြောကြားလိုက်ပါတယ်။
“အခုလိုမျိုး ပြည်သူ့ဂုဏ်ရည်ကနေပြီးတော့ ဆုပေးတယ်ဆိုတဲ့ဥစ္စာ ကျေးဇူးအများကြီးတင်ပါတယ်၊ ပြည်သူတွေပေးတယ်လို့ပဲ ကျနော်မှတ်ယူပါတယ်။ ဒါကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုမျိုးပေးခြင်းအားဖြင့် ဒါက အားကျစေချင်လွန်းလို့ ပေးတယ်ဆိုတဲ့ဟာ တဖက်ကမှန်သလို ပြည်သူတွေ ပေးတာဖြစ်လို့ ပြည်သူတွေရဲ့လုပ်ဆောင်ချက် ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုတာ ချီးကျူးတာလို့ ကျနော်တော့ မှတ်ယူပါတယ်။”
၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက် “ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ” အခမ်းအနားကို အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ဒေသစံတော်ချိန် မေလ ၂၁ ရက်က ကျင်းပရာမှာ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆုပေးပွဲမတိုင်ခင် နေ့လယ်စာစားပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။