ပြီးခဲ့တဲ့ အောက်တိုဘာလက တနင်္သာရီတိုင်းထဲကမြို့နယ်အားလုံးနီးပါးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တစ်လအတွင်း တိုက်ပွဲနဲ့ပစ်ခတ်မှု စုစုပေါင်း ၄၅ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်တွေဟာ တနင်္သာရီတိုင်းအတွင်းက ကော့သောင်းမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ် ၉ ခုစလုံးမှာ ဖြစ်ပွါးခဲ့တာပါ။
တိုက်ပွဲဖြစ်ပွါးမှုအများဆုံးကတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ နဲ့လောင်းလုံးမြို့နယ်တွေမှာဖြစ်ပါတယ်။ အဲဒီလေးမြို့နယ်မှာ တစ်လအတွင်း တိုက်ပွဲ ၃၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တာပါ။
ရေဖြူမြို့နယ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့စစ်ကောင်စီတပ်ဟာ နေအိမ် ၃၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
“ရေဖြူကိုစစ်ကြောင်းဝင်တာက ရေနက်ဆိပ်ကမ်း ပြန်လုပ်ဖို့ အစီအစဉ်ကြောင့် တော်လှန်ရေအဖွဲ့အစည်းမရှိအောင်လုပ်တာလို့ ယူဆတယ်ဗျ။ ပြီးတော့ အိမ်ကိုမီးရှို့လိုက်ရင် ကျန်တဲ့သူတွေက တော်လှန်ရေးအဖွဲ့အစည်းကို မကူညီရဲအောင်ပေါ့” လို့ ရေဖြူမြို့နယ် (ပကဖ) ရဲ့ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
တတိုင်းလုံးက တစ်လအတွင်းတိုက်ပွဲတွေမှာ ထားဝယ်၊ မြိတ်၊ သရက်ချောင်း၊ ရေဖြူနဲ့ ပုလောမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးရဲဘော် ၇ ဦးကျဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဘက်ကတော့ တစ်လအတွင်း တစ်ရာကျော်သေဆုံးပြီး လေးဆယ်ကျော်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တနင်္သာရီတိုင်းမ်က စုစည်းရရှိထားတဲ့ တိုက်ပွဲ အရေအတွက် ၄၅ ကြိမ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မိုင်းထောင်ဖောက်ခွဲတာ၊ မိုင်းဆွဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်တာတွေကိုလည်း ထည့်သွင်းထားပါတယ်။
တိုက်ပွဲဖြစ်စဥ်အားလုံးရဲ့ တဝက်လောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ၊ စစ်ဆေးရေး ဂိတ်တွေ၊ ပျူစောထီးစခန်းတွေ စတဲ့နေရာတွေကို သွားရောက်တိုက်ခိုက်တဲ့ ဖြစ်စဥ်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကလည်း တနင်္သာရီတိုင်းမှာ တိုက်ပွဲ ၄၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၁၆ ဦးကျဆုံးခဲ့ပါတယ်။