မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များက ပြည်သူများအား နယ်ကျော် ဖြတ်သန်းခွင့်ဟုဆိုကာ တစ်ဦးလျှင် ကျပ် တစ်သောင်း ခြိမ်းခြောက်တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။
ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များသည် မော်တော်ယာဥ်များအား ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင်နှင့် မှတ်ပုံတင် အစုံအလင်ပါသော်လည်း ကားပေါ်ပါတစ်ဦးချင်းစီအား ကျပ်တစ်သောင်းစီ တောင်းနေကြောင်း ဒေသခံများက ပြောသည်။
“ပွင့်ဖြူက စစ်ဆေးရေးဂိတ်တွေက ကားတွေကိုနည်းမျိုးစုံနဲ့ရစ်ပါတယ်။ လိုင်စင်တွေဘယ်လောက်စုံစုံ ရစ်နည်းပေါင်းစုံနဲ့ရစ်ပြီးပိုက်ဆံတောင်းပါတယ်။ အဆိုးဆုံးကတော့မှတ်ပုံတင်ပါတာကို နယ်ကျော်ဆိုပြီး တစ်ယောက်ကိုတစ်သောင်းတောင်းတယ်။ အဲတာတောင် ရိုးရိုးတောင်းတာမဟုတ်ဘူး။ ဖမ်းဆီးထောင်ချလို့ရတယ်ဆိုပြီး တောင်းတယ်။”ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ကုန်တင်ယာဥ်များကိုလည်း ခြိမ်းခြောက် ငွေတောင်းလေ့ရှိကြောင်း၊ ကိုယ်ပိုင်နာမည်ဖောက်မထားသည့် မော်တော်ယာဥ်များကိုလည်း ဒဏ်ကြေးဟုဆိုကာ ကျပ်သိန်းချီတောင်းလေ့ရှိသည်ဟု ယာဥ်ပိုင်ရှင်အချို့က ဆိုသည်။
သို့သော် ပွင့်ဖြူဂိတ်တင်မကဘဲ အာဏာသိမ်းစစ်တပ်၏ စစ်ဆေးရေးဂိတ်များအားလုံးသည် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဥ်များအား နေ့စဥ်ခြိမ်းခြောက် ငွေတောင်းခံလေ့ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်အား တော် လှန်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က ဆင်ဖြူကျွန်းမြို့နယ် သွားမည့် စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ်တင့်လွင်လိုက်ပါလာသည့် ယာဥ်တန်းကို ပွင့်ဖြူ (ပကဖ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။