ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖက်မာကျေးရွာဘက်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၅ရက်နေ့ ည ၅နာရီအချိန်ခန့်တွင် မူလာရှီးဒီတပ်မှဆင်းလာသည့် စစ်ကောက်စီတပ်အင်အား ၅၀ ခန့်ပါစစ်ကြောင်းသည် လုံရှာယန်ကျေးရွာအနီးလက်နက်ကြီးများအထိုင်ချထားကာ ဖက်မာရွာဘက်သို့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း မက်မာကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။
”လုံရှာယန်ရွာထဲကနေတော့မဟုတ်ဘူး လုံရှာယန် ရွာထိပ်က တောထဲမှာလက်နက်ကြီးထိုင်ပြီးပစ်တာ ကျွန်တော်တို့ဖက်မာရွာဘက်ကိုပစ်တယ် ။ရွာထဲမှာတော့မကျဘူး ရွာထိပ်မှာ ငါးလုံးကျပြီးပေါက်ကွဲတယ်။တခြားကတော့ဘယ်ကိုကျလဲမသိဘူး ”ဟု ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် လုံရှာယန်နဲ့ဖက်မာ ရွာဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း လုံရှာယန်ကျေးရွာမှအမျိုးသမီးတစ်ဦးကပြောသည်။
”ရွာကလူတွေက ပြေးရမလိုလို တချို့ဆိုရင် အထုတ်ပိုးတွေပြင်ကြတာ။ ကလေးတွေက ပူတာအိုမြို့ထဲမှာ အသင်းတော်ကနေလုပ်ပေးတဲ့ဘောလုံးပွဲကန်နေတာ ပွဲတောင်မပြီးသေးဘူး တိုက်ပွဲဖြစ်တယ်ထင်ပြီးအားလုံးပြေးလွှာလာကြတာ”ဟု ပြောသည်။
ယင်းစစ်ကြောင်းသည် လက်နက်ကြီးများပစ်ခတ်ပြီးနောက် မိနစ် ၄၀ခန့်အကြာတွင် တောထဲမှပြန်ထွက်လာပြီး မူလာရှီးဒီဘက်ပြန်ထွက်ခွာသွားသော်လည်း ယနေ့နံနက်ပိုင်းအထိ လုံရှာယန်ကျေးရွာအနီးတဝိုက် စစ်ရေးလှုပ်ရှားမှုများရှိနေသေးကြောင်းသိရသည်။
ဖက်မာကျေးရွာသည် လုံရှာယန်နဲ့ ဆွမ်ပရာဘွမ်မြို့ကြားတွင်တည်ရှိပြီး လုံရှာယန်ကျေးရွာနဲ့ ငါးမိုင်းကျော်ကွာဝေးကြောင်းသည့် နေရာတွင်တည်ရှိကာ ပြီးခဲ့တဲ့ မတ်လတွင် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။