မန္တလေးတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
အသက် ၇၀ ကျော်အရွယ် ဒေါ်ဝင်းမြမြဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မန္တလေးမြို့ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတယ်လို့ စွပ်စွဲပြီး ပုဒ်မ ၅၀၅-က နဲ့ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာပါ။
“၃ နှစ်ကျပေမယ့် လွတ်ရက်မပြည့်သေးဘဲ ကြားရက်ကြီးလွတ်လာတော့ ပျော်လည်းပျော် ဝမ်းလည်းဝမ်းသာတာပေါ့။ လွတ်ရက်စေ့လို့ လွတ်လာတယ် ထင်ပါတယ်” လို့ မန္တလေးတိုင်း NLD ပါတီဝင်တစ်ဦးကပြောပါတယ်။
ဒေါ်ဝင်းမြမြဟာ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကနေ ဝင်ရောက်အရွေးခံခဲ့ပြီး အနိုင်ရရှိထားသူပါ။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်ဝင်းမြမြဟာ လွှတ်တော်တက်ရန် နေပြည်တော်ကို ရောက်ရှိခဲ့ပြီးနောက် အခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ စစ်တပ်အာဏာသိမ်းတာနဲ့ ကြုံခဲ့ရပါတယ်။
နေပြည်တော်ကနေ မန္တလေးသို့ ပြန်ရောက်လာတဲ့ ဒေါ်ဝင်းမြမြဟာ စစ်တပ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံခဲ့ရတာပါ။