ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ကနေ တောင်ကြီးမြို့ကို အလုပ်ကိစ္စနဲ့ သွားတဲ့ ကယန်း အမျိုးသား ၂ ဦးကို မနေ့ မေလ ၁၀ ရက်၊ မနက် ၁၀ နာရီခန့်က အောင်ပန်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးဟာ ပင်လောင်းမြို့နယ်၊ မြောက်စလုံးရွာသားတွေဖြစ်ပြီး လုပ်ငန်းကိစ္စနဲ့ တောင်ကြီးကို သွားဖို့ ဖယ်ခုံ-တောင်ကြီး လိုင်းကားနဲ့ လာစဉ် အောင်ပန်း စစ်ဆေးရေးဂိတ် တနေရာမှာ နာမည်၊ မှတ်ပုံတင်နဲ့တကွ အတိအကျ ဖမ်းဆီး ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“လုံးပြင်ရွာသားဆီကို သစ်ဖိုး အကြွေး သိန်း ၅၀ သွားတောင်းတာပါ။ လုံးပြင်ရွာသားက တောင်ကြီးထိ လာယူဖို့ ခေါ်လို့လေ။ ရိုးရိုးသာမန် ရွာသားတွေပါ။ ပင်လောင်းနယ်သားတွေပဲလေ” လို့ ပင်လောင်း ဒေသခံ အမျိုးသား တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သူတို့ ၂ ဦးကို ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်က အမျိုးသမီး တစ်ဦး နေအိမ်မှာ ဖမ်းဆီး ခံခဲ့ရပါသေးတယ်။