ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်က အိမ်ဆောက် ပစ္စည်းဆိုင်ကို ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ် တစ်ဦး စက်တင်ဘာ ၂၈ ရက်က ဓားပြတိုက်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖယ်ခုံမြို့မ ရဲစခန်း အနီးမှာရှိတဲ့ မြတ်စေတနာ အိမ်ဆောက် ပစ္စည်းဆိုင်ကို စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က ရဲတပ်ကြပ် မျိုးမင်းအောင် ဆိုသူ ဓားပြ တိုက်ခဲ့တာ ဖြစ်ပြီး ရဲစခန်း ပြန်လာစဥ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
“အဲ့ကောင်က အရင်တည်းက ၀ယ်နေကြပဲ။ ဆိုင်ရှင်နဲ့လည်း မျက်မှန်းတန်းမိတယ်။ ရဲမှန်းတော့ မသိဘူး ထင်ပါတယ်ဗျာ။ ၂၈ ရက်နေ့ ညနေပိုင်းကတော့ ငွေရေနေတဲ့ အချိန်မှာ ရောက်လာပြီး လက်နက်လို့ ထင်ရတဲ့ ဟာကို ပုဆိုးအုပ်ပြပြီး ခြိမ်းခြောက် ယူသွားတာ။ နှာခေါင်းစည်းလည်း မတပ်ထားတော့ လူကို မှတ်မိနေတာ” လို့ သူကရှင်းပြပါတယ်။
ဒီလို ခြိမ်းခြောက် ဓားပြတိုက်မှုကြောင့် ငွေကျပ် ၁၀ သိန်းခန့် ပေးလိုက်ရပြီးနောက် ရဲစခန်းကို သွားတိုင်စဥ် အဆိုပါ ရဲတပ်ကြပ်မျိုးမင်းအောင် ဆိုသူ ရဲစခန်း ပြန်လာချိန်နဲ့ တိုက်ဆိုင်ပြီး ဆိုင်ရှင်က အမှုဖွင့် တိုင်ကြားလို့ စစ်ဆေးရာ တိုက်ရာပါ ငွေတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရဲတပ်ကြပ်မျိုးမင်းအောင် ဆိုသူကို ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး ပါသွားတဲ့ငွေ ပြန်ရပြီလို့ ဆိုင်ရှင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်တပ်၀ါဒဖြန့် ချန်နယ်တွေမှာတော့ PDF တွေ ဓားပြတိုက်တာလို့ ၀ါဒဖြန့် ကာကွယ် ရေးသားနေတာကြောင့် ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းက ကူညီ စုံစမ်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖယ်ခုံမြို့ပေါ်မှာ ခိုးမှု၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ခုံ-လွိုင်ကော် ကားလမ်းမဘေး၊ ကွမ်လုံကျေးရွာက နေမင်းသစ် ဆီဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေကို ဖမ်းမမိသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။