ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စလောင်း စစ်ရှောင် စခန်း (၂) က ကလေးငယ်တွေကို ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်မှာ အာဟာရ ကျွေးမွေးပြီး စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ Dove KK အဖွဲ့ရဲ့ ပညာရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင် စခန်းရှိ စာသင်ကျောင်းမှာ ကယန်းရိုးရာ ဝက်သား ဆန်ပြုတ်နဲ့ မုန့်ကျွေးမွေးတာ၊ ဆရာ ဆရာမတွေကို ထောက်ပံ့ငွေ ပေးအပ်တာ၊ ဂိမ်းကစားပြီး အနိုင်ရသူကို ဆုချတာ၊ အားကစားပြိုင်ပွဲတွေ၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကလေးငယ်တွေတင် မဟုတ်ဘဲ လုပ်အားပေးနေတဲ့ဆရာ ဆရာမတွေလည်း ရှိတယ်လေ။ လာကူညီခြင်းအားဖြင့် ဆရာတွေကော ကလေးတွေကော ပျော်ရတာပေါ့။ သူတို့က ဆော့ရတာလည်း ပျော်သလို အာဟာရ ကောင်းကောင်းစားရတော့ ပိုပျော်ကြတယ်ပေါ့။ မျှော်နေတတ်တယ်ပေါ့” လို့ သူကပြောပါတယ်။
အဲဒီ စစ်ရှောင် စာသင်ကျောင်းမှာ ကျောင်းသား ၅၀ ကျော်ကို ဆရာ ဆရာမ ၅ ဦးက ပညာ သင်ကြားပေးနေပြီး KG တန်းကနေ Grade-5 တန်းအထိ ရှိတယ်လို့ သိရပါတယ်။
Dove KK အဖွဲ့ရဲ့ ပညာရေးအဖွဲ့ဝင်တွေဟာ တစ်လကို စစ်ဘေးရှောင် စာသင်ကျောင်း ၃ ကျောင်းရဲ့ လိုအပ်ချက်တွေကို ကူညီတာ၊ အာဟာရ ကျွေးမွေးတာတွေ ပြုလုပ်ဖို့ စီစဥ်ထားတယ်လို့ အဖွဲ့ဝင်ထံက သိရပါတယ်။