ရှမ်း- ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင်ကြဖို့ KNDF တပ်ရင်း-၁၁ (ဖယ်ခုံ) သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုဂျိုးဇက် က ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
မနေ့ ညပိုင်းမှာ ဖယ်ခုံမြို့နယ်၊ ကွမ်လုံ နဲ့ လဝှဲကျေးရွာဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ် အထိနာပြီး ပြန်ဆုတ်သွားတာကြောင့် တန်ပြန် လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်မှာ စိုးရိမ်လို့ အခုလို ရွှေ့ပြောင်းခိုင်းတာလို့ ဆိုပါတယ်။
“မနေ့ညက စစ်ကောင်စီက တပ်အပြင်ထွက်ပြီး မိုးဗြဲဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်။ အဲ့တော့ ကွမ်လုံနဲ့ လဝှဲ ကြားမှာ ကျွန်တော်တို့နဲ့ ထိပ်တိုက် တိုက်ပွဲ ၄၅ မိနစ် လောက်ဖြစ်တယ်။ အဲဒါကြောင့် ရှောင်ခိုင်း ထားတာပါ” လို့ ကိုဂျိုးဇက် ကရှင်းပြပါတယ်။
မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ခေါင်းမှိုင်း၊ ကွမ်လုံ၊ လဝှဲ၊ ဂျေရောဗလို စတဲ့ ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ် ပြောင်းရွှေ့ပေးဖို့ KNDF က မေတ္တာရပ်ခံထားတာဖြစ်ပြီး လက်ရှိ ပြောင်းရွှေ့ပြီး ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဖယ်ခုံမြို့ပေါ်က ပြည်သူတွေ အနေနဲ့ အရေးပေါ် ပြောင်းရွှေ့ဖို့ မလိုသေးပေမဲ့ စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် လက်ရှိ အခြေအနေ တည်ငြိမ်နေစဥ် တဖြည်းဖြည်း ပြောင်းရွှေ့သင့်တယ်လို့ ဒေသ အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူ တစ်ဦးက သုံးသပ်ပါတယ်။
“ကရင်နီ ၁၁၁၁ စစ်ဆင်ရေး” တစ်စိတ်တစ်ပိုင်း အဖြစ် လွိုင်ကော်နဲ့ မိုးဗြဲမြို့မှာ လက်ရှိ မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။