ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ တောင်စလုံးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲကြောင်း KNDF ထံမှ သိရသည်။
ယမန်နေ့ မေလ ၅ ရက် နံနက် ၅ နာရီခန့်မှ ၆ နာရီခန့်အထိ အကြမ်းဖက်စစ်တပ်က တောင်စလုံးရွာကို တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ဒုံးကျည်များဖြင့်လည်း ၁၆ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံကြဲတိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာသား (၂) ဦး နား၊ မျက်လုံးများမှ သွေးယိုစီးခဲ့ပြီး နေအိမ် ၃၁ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
“တောင်စလုံးရွာကို ဒီမနက် ၄ နာရီခွဲမှာ စစ်ခွေးတွေ ဗုံးလာကျဲသွားတယ်၊ အိမ်နှစ်လုံးလောင်သွားတယ်၊ ဘေးနားအိမ်တွေ မီးမကူးစက်အောင်ဆိုပြီးမီးငြှိမ်းနေတုန်း ၊ မီးငြှိမ်းနေရင်းတန်းလန်းမှာ နောက်ထပ် ၂ ကြိမ် ၃ ကြိမ်လာကျဲ သွားသေးတယ်၊ ဒါက ပြည်သူကို ရန်သူ လိုသဘောထားပြီးမှ သတ်နေတဲ့ စစ်ခွေး တွေ ၊ ဒါကြောင့် အတတ်နိုင်ဆုံးကာကွယ်သွားမယ်၊ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ ပြည်နယ်၊ ကိုယ့်ရဲ့အိုးအိမ် တွေ အတတ်နိုင်ဆုံး ကာကွယ်သွားမှာဖြစ်ပါတယ်၊ လက်နက်မဲ့ပြည်သူတွေရဲ့အိမ်ကို ပေါင် ၅၀၀ ဗုံးနဲ့ လာချသွားတာ၊ စစ်ကောင်စီနဲ့ပတ်သက်ရင် အစွမ်းကုန်တိုက်ထုတ်သွားမှာဖြစ်လို့ ကျနော်တို့ကို ဝိုင်းပြီးမှ ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
အလားတူ ဖယ်ခုံမြို့နယ်အနောက်တောင်ခြမ်းရှိ ကျေးရွာတစ်ရွာနှင့် ခေါင်းအိကျေးရွာကိုလည်း ပေါင် ၅၀၀ ဗုံးများအသုံးပြုကာ ကျဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်မှ ကင်းထောက်လေယာဉ်များဖြင့် လောရောက်ထောက်လှမ်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသဖြင့် ပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက သတိဝီရိယဖြင့် ဘေးကင်းလုံခြုံ ရာနေရာများတွင် နေထိုင်ကြရန်၊ ဗုံးခိုကျင်းများ တူးထားကြရန် KNDF/B-11(Pekhon)က ထုတ်ပြန် ထားသည်။