ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်တောင်ခြေရွာရှိ စစ်တပ် ယာယီ စခန်းများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည့် မှတ်တမ်းကို KNDF က ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မတ်လ ၂၁ ရက်နေ့တွင် ကုန်းသာဆည်အနီးတောင်ကုန်း၊ ဖလိုင်တောင်ခြေရွာနှင့် ဆောင်ကန်းရွာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းများကို ကာကွယ်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လွိုင်ကော် အခြေစိုက် ခလရ ၂၆၁ ၊ လွိုင်လင်အခြေစိုက် ခမရ ၅၃၀ တို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် ယာယီစခန်းများကို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ယင်း ယာယီ စခန်းကုန်း၌ ကျန်ရှိခဲ့သည့် ခဲယမ်းအချို့ကို နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဥ် ကာကွယ်ရေး တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။