ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ပေါင်း ၅၀၀ ဗုံးများကို ၂၃ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNDF တပ်ရင်း ၁၁ ထံမှ သိရသည်။
ယနေ့ မေလ ၅ ရက် နံနက် ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့နယ်၊ အနောက်တောင် ဘက်ခြမ်းရှိ ကျေးရွာ တစ်ရွာ ကို ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၃ ကြိမ်၊ နံနက် ၅ နာရီမှ ၆ နာရီခွဲအထိ တောင်စလုံးကျေးရွာကို ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး များ၊ ဒုံးကျည်များဖြင့် ၁၆ ကြိမ်ထက်နည်း၊ နံနက် ၅ နာရီခွဲခန့်တွင် ခေါင်းအိကျေးရွာကို ပေါင် ၅၀၀ ဗုံး ၄ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာမှ ပြည်သူ ၂ ဦး နား၊ မျက်လုံးများမှ သွေးယိုစီးခဲ့ပြီး နေအိမ် ၃၁ လုံးကျော် ပျက်စီးခဲ့ကြောင်း၊ ခေါင်းအိမ်ကျေးရွာတွင်လည်းနေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့ မေလ ၅ ရက် ညနေ ၃ နာရီခွဲကျော်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် ဖယ်ခုံမြို့ရှိ အကြမ်းဖက်စစ်တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည် ဟု ဆိုသည်။
အကြမ်းဖက်စစ်တပ်မှ ကင်းထောက်လေယာဉ်များဖြင့် လောရောက်ထောက်လှမ်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသဖြင့် ပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက သတိဝီရိယဖြင့် ဘေးကင်းလုံခြုံ ရာနေရာများတွင် နေထိုင်ကြရန်၊ ဗုံးခိုကျင်းများ တူးထားကြရန် KNDF/B-11(Pekhon)က ထုတ်ပြန် ထားသည်။