တိုက်ပွဲပြန်လည် ပြင်းထန်နေတဲ့ ဖယ်ခုံမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေကို ကယ်တင်ဖို့ လာရောက်တဲ့ စက်လှေတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖယ်ခုံအင်း အရှေ့ဘက်ကမ်းက စက်လှေတွေဟာ အနောက်ဘက်ကမ်းရှိ ပြည်သူများကို လာရောက်ကယ်တင်ဖို့ သွားရာမှာ စစ်ကောင်စီက လေကြောင်းကနေ စက်လှေကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
“မနေ့က မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သွားကြိုတာ စက်လှေက ဖယ်ခုံဘက်ကမ်းရောက်ခါနီးမှာ စစ်ကောင်စီက လေယာဉ်နဲ့ပစ်တယ်။ လူကိုမထိတာ ကံကောင်းတယ်ပဲပြောရမယ်။ မဟုတ်ရင် လူရော စက်လှေရောက် အင်းထဲမြုပ်ကုန်မှာ။ တစ်ချို့ကိုတော့ ကယ်နိုင်ပေမယ့် တစ်ချို့ကတော့ ထွက်ပြေးကုန်ကြရတယ်၊ အခုထိလည်း မြို့ထဲမှာ ပြည်သူတွေက ပိတ်မိနေတုန်းပဲ” လို့ ဖယ်ခုံမြို့ကနေ စစ်ဘေးရှောင်လာရသူတစ်ဦးကပြောပါတယ်။
အဲ့ဒါအပြင် ဖယ်ခုံမြို့ကနေ ထွက်ခွာဖို့ လှေဆိပ်မှာ လှေစောင့်နေတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လူမှုကွန်ယက်စာမျက်နှာပေါ်လည်း စစ်ဘေးရှောင်ပြည်သူတွေကို ခေါ်ဆောင်ဖို့ လာရောက်တဲ့ စက်လှေတစ်စီးကို စစ်ကောင်စီ လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် စက်လှေဟာ ကမ်းမကပ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့မှစပြီး လက်ရှိအချိန်ထိ ဖယ်ခုံမြို့ပေါ်မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး မြို့ထဲမှာ ပိတ်မိနေသူတွေလည်းရှိပါတယ်။
၁၁၁၁ စစ်ဆင်ရေးအတွင်း ဖယ်ခုံဇုန်မှာ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီရဲ့ စခန်း ၁၂ ခုထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။