ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိ နဲ့ စက်တော်ရာကျေးရွာကြားမှာ ဇွန်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ဖယ်ခုံ PDF ရဲဘော်တစ်ဦးဟာ မနေ့က ကျဆုံးသွားခဲ့ပြီလို့ ဖယ်ခုံ PDF က ဒီကနေ့ ဇူလိုင်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ခေါင်းအိနဲ့ စက်တော်ကျေးရွာကြားမှာ ဖယ်ခုံ PDF တပ်ရင်း ၁၀၀၂ နဲ့ စစ်ကောင်စီတပ်တို့ ဇွန်လ ၂၆ ရက်က ထိပ်တိုက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း ဖယ်ခုံ PDF ရဲဘော် ဒယ်ဆီဒဲရို ပြင်းထန်ဒဏ်ရာရခဲ့ပြီး မနေ့ကတော့ ဆေးကုသနေရင်း ကျဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
ရဲဘော် ဒယ်ဆီဒဲရိုဟာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် အသက်ပေးခဲ့တဲ့အပေါ် ဖယ်ခုံ PDF အနေနဲ့ ဂုဏ်ပြုပြီး အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်တယ်လို့ ထုတ်ပြန်ပါတယ်။
ရှမ်း-ကရင်နီ နယ်စပ်ဒေသတွေဖြစ်တဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး စစ်ကောင်စီ ၊ PNO ပူးပေါင်းတပ်တွေနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေကြား လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
၃ လကျော်ကြာတိုက်ပွဲတွေပြင်းထန်နေတာကြောင့် လူဦးရေ ၁,၀၀၀၀ ကျော်ခန့်နေထိုင်တဲ့ ပင်လောင်း-ဖယ်ခုံဒေသက ဒေသခံပြည်သူ ၈,၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကရင်နီစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။