ကရင်နီပြည် ဖယ်ခုံမြို့နယ် အခြေစိုက် ဖယ်ခုံပြည်သူ့ ကာကာကွယ်ရေးတပ်ဖွဲ့ PDF-1006 တပ်ရင်းမှာ ဒရုန်းဗုံးသီး လိုအပ်ချက်တွေရှိနေပြီး ပြည်သူတွေအနေနဲ့ ပါဝင်ပေးကြဖို့ တာဝန်ရှိသူတွေက အကူအညီတောင်းခံလာပါတယ်။
ဖယ်ခုံ-မိုးဗြဲဒေသတစ်လျှောက် စစ်ရေးလှုပ်ရှားနေတဲ့ ဖယ်ခုံ PDF တပ်ရင်းရဲ့ Drone & Technology Department က စစ်ကောင်စီတပ်ကို ဝေဟင်ကနေတိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် ဒရုန်းဗုံးသီးတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
“ကျနော်တို့တပ်စုမှာ သုံးနေတဲ့ ဒရုန်းတွေ ရှိပါတယ်။ ဒီအတွက် ကျနော်တို့ကအသုံးပြုရမယ့် ဒရုန်းအတွက်ဗုံးသီးတွေ လိုအပ်နေပါတယ်။ လက်ရှိ ပေါက်ဈေးနဲ့ဆို ကျနော်တို့ရန်ပုံငွေ စုနိုင်မှပဲ ဝယ်လို့ရမှာပါ” လို့ ဖယ်ခုံ PDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပါတယ်။
လတ်တလော ဒေါ်လာပေါက်ဈေးအရ ဗုံးသီးတစ်လုံးကို ၅ သိန်းကျပ်ဝန်းကျင်ရှိပြီး လက်နက်ငယ်နဲ့ ခဲယမ်းတွေလည်း ဝယ်ယူဖို့ရှိတာကြောင့် သတ်မှတ်ရက်အမီ ရံပုံငွေထည့်ဝင်ပေးကြဖို့ အဖွဲ့တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
ဇွန် ၁၅ ရက်နေ့ ကစလို့ ရံပုံငွေလက်ခံသွားမှာဖြစ်ပြီး လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့အထိ ပမာဏနည်းများမဆို ပါဝင်လှူဒါန်းနိုင်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒရုန်းဟာ မြေပြင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေမှာ အဓိကနေရာက ပါဝင်နေတာကြောင့် တိုက်ပွဲတစ်ခု အဆုံးဖြတ်ပေးနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပါတယ်။
ဖယ်ခုံမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ ဖယ်ခုံ PDF မှာ ၁၀၀၂၊ ၁၀၀၄၊ ၁၀၀၆ တပ်ရင်း ၃ ခုရှိပြီး တခြား ကာကွယ်ရေးတပ်ရင်းတွေလည်း ၁၀ ခုထက်မနည်း စစ်ရေးလှုပ်ရှားနေကြတယ်လို့ စုံစမ်း သိရပါတယ်။