ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ သတ်မှတ်အရေတွက်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့က စတင် ပြုလုပ်ခဲ့တဲ့ ကျည်ကာဦးထုပ် (Helmets for Hope) ကမ်ပိုင်းမှာ ဦးထုပ်တစ်လုံး တန်ဖိုး အနေနဲ့ ထိုင်းငွေ ၃,၅၀၀ ကျပ် ကျသင့်ခဲ့ပြီး မနေ့ (ဧပြီ ၂၁)မှာပဲ အလုံးရေ ၉၀ နဲ့အောင်မြင်စွာ ပြီးဆုံးသွားတာပါ။
ဖယ်ခုံ PDF တပ်ရင်း ၂ ထောက်ပို့အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက “ရလာတဲ့ ဦးထုပ်ကို တခါတည်း သိမ်းထားပြီးမှ ရှေ့တန်းကို ပေးထားပြီးမှ တိုက်ပွဲမှာ ဦးထုပ်ဆောင်းတဲ့ ဗီဒီယိုတွေလည်း ကျနော်တို့ တင်ပြဖို့ ရှိတယ်ပေါ့။ ကျနော်တို့မှာလည်း ငွေချေးထားတာနဲ့ ပတ်သက်ပြီး မေးမြန်းစရာရှိရင် ချက်ဘောက်စ်မှာ မေးမြန်းနိုင်ပါတယ်။ အခုလို ၂ ဆကျော် အောင်မြင်တဲ့အတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူရပါတယ်” လို့ ပြောပါတယ်။
ကမ်ပိုင်းမတင်မီက ဦးထုပ်အလုံးရေ ၄၀ နဲ့ သိန်း ၂၀၀ ရရှိဖို့ မျော်မှန်းထားပေမယ့် သိန်း ၄၀၀ ကျော် ရရှိခဲ့တာကြောင့် ရှေ့တန်း တန်းဖွဲ့ဝင်တွေဆီကို အလုံးရေ ၉၀ ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖယ်ခုံ PDF မှာ ၁၀၀၆ နဲ့ ၁၀၀၄ တပ်ရင်း ၂ ခုရှိပြီး မတ်လ ၃၀ ရက်နေ့က ၁၀၀၄ ရဲ့ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။