ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၁၅ က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဖရူဆိုမြို့နယ်ရှိ ဒေသ ပြည်သူများ နေထိုင်သည့် ကျေးရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများသည် အရပ်သား ပြည်သူများ ပုံမှန်နေထိုင်သည့် ကျေးရွာများသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့်ကျေးရွာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၁၅ က ထုတ်ပြန်ထားသည်။