ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက သဲဖြူကုန်း စစ်ဘေးရှောင် စခန်းမှာ ရာသီတုတ်ကွေး ဖြစ်ပွားသူ များနေလို့ ဆေးနဲ့ဆက်စပ်ပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ အစောပိုင်းကစပြီး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တုတ်ကွေးရောဂါ ဖြစ်ပွားလာတာဖြစ်ပြီး ကိုယ်ထူကိုယ်ထ ဆေးပေးခန်း တစ်ခုကိုသာ အားကိုးနေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
“မိုးကာတွေ မလုံတော့ အိပ်တဲ့အချိန် မိုးယိုတာနဲ့ အအေးပတ်ပြီး ဖြစ်ကြတာ။ အဖျားကျရင်လည်း ၂ ပတ်လောက် အထိ ချောင်းဆိုးက ကျန်နေတာ။ ကလေးတွေက ပိုဆိုးတယ်။ သောက်စရာ ဆေးလည်း မရှိဘူးလေ။ ရှိလည်း မလောက်ဘူး” လို့ သူကဆိုပါတယ်။
သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ နီးပါး နေထိုင်ကြပြီး လူ ၃၀၀ ကျော် ဖျားနာနေတလို့ ဒေသခံ တစ်ဦးက ပြောတယ်။
လက်ရှိ ရာသီတုတ်ကွေး သာမက နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်၊ ငှက်ဖျား စတဲ့ ရောဂါတွေလည်း ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့အဝင်မှာ စစ်ကောင်စီတပ်က အစစ်အဆေး တင်းကြပ်နေပြီး ဆေးနဲ့ ဆက်စပ် ပစ္စည်း အားလုံး သိမ်းယူနေတာကြောင့် ကရင်နီပြည်တွင်းမှာ ဆေးဝါးမလုံလောက်မှုတွေ ဆက်တိုက် ကြုံနေရတာလို့ သိရပါတယ်။