ကရင်နီ(ကယား)ပြည်နယ်၊ဖရူဆို – ဘောလခဲ လမ်းမကြီးတွင်တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။
ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်အချို့ရရှိထားကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာပေါ့။စစ်ရေးအရ ကျွန်တော်တို့မထုတ်ပြန်နိုင်သေးတာ။နန်းဖဲနဲ့ ထားလဲ ကျေးရွာတစ်ဝိုက် ဖြစ်နေတာ”ဟု KNDF တာဝန်ရှိသူက ရှင်းပြသည်။
အစီးရေ ၁၀၀ကျော်ပါ စစ်ကောင်စီယာဥ်တန်းသည် ဘောလခဲမြို့နယ်သို့ မဝင်ရောက်နိုင်သေးကြောင်းလည်း ၎င်းက အသိပေးသည်။
“အဓိကတော့ သူတို့ စစ်ယာဥ်တန်းတွေ သွားနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာပေါ့။ဘောလခဲ အခြေစိုက်စစ်ကောင်စီတပ်နဲ့ ယာဥ်တန်းနဲ့အတူပါလာတဲ့တပ်တွေက နှစ်ဖက်ညှပ်ပြီး တိုက်နေတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
စက်တင်ဘာ ၂၅ရက်က နန်းဖဲရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်အချို့ကို ရရှိခဲ့သည်။
“စကစအလောင်းနဲ့ လက်နက်တွေရတယ်ဆိုတာ ဟုတ်တယ်။ဒါပေမယ့် သက်ဆိုင်ရာတပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ် က ပြောသည်။
စစ်ကောင်စီမှာ ကရင်နီပြည်နယ်၏ မဟာဗျူဟာ ကျသည့် လမ်းပိုင်းများကို ထိန်းချုပ်ရန်အပါအဝင် ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားသည့်မယ်စဲ့ မြို့ကို ပြန်လည် သိမ်းပိုက်ရန်လည်း တစ်ပါးတည်း ကြိုးပမ်းနေသည်။
ထို့ကြောင့် ဇွန်လဒုတိယပတ်ကစ၍ ကရင်နီပြည်နယ်သို့ တပ်မ (၅၅)နှင့်(၆၆)နှင့် စကခ မှ တပ်ရင်းစုစုပေါင်း ၃၈ရင်းခန့်ကို စစ်ကောင်စီက ပို့ထားသည်။
ထို့အပြင် ယခုရက်ပိုင်းတွင် ကရင်နီပြည်နယ်သို့ စစ်ကောင်စီက တာဝေးပစ်လက်နက်ကြီးများပို့ဆောင်နေသည်ဟုလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။