ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေးကျေးရွာ အနီး စက်တင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်ရင်းမှူး အပါအ၀င် စစ်သား အသေအပျောက်များပြီး လက်နက် အလက် ၂၀ ခန့်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး တာ၀န်ရှိသူ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ဘက်က စစ်ကြောင်း တစ်ကြောင်း ခွဲထွက်လာပြီး ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်ကို မာခရော်ရှေးကျေးရွာ အနီးမှာ ကရင်နီ တော်လှန်ရေး အင်အားစုတွေက စက်တင်ဘာ ၁၁ ရက်နေ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရထားတဲ့ လက်နက်ကတော့ အစုံပဲ။ အလက် ၂၀ ကျော်ဆိုတော့ သူတို့ ( စစ်ကောင်စီ) အသေများနိုင်တယ်။ တယောကြီးတစ်ကောင်(တပ်ရင်းမှူး) လည်း ပါတယ်လို့ သိရပါတယ်” လို့ သူကရှင်းပြပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွားလို့ တော်လှန်ရေး တပ်ဖွဲ့တွေ မာခရော်ကျေးရွာမှာ နယ်မြေ ရှင်းလင်းရေး ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်း တပ်ဖြန့်ကာ ပြန်ဆုတ်သွားပြီးလို့ တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်နေတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစပြီး တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေရာ လက်ရှိ ပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ကရင်နီ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ ကရင်နီ ပြည်နယ် အုပ်ချုပ်ရေး ကောင်စီ ဒုဥက္ကဌ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ဥက္ကဌ ခွန်းဘီထူးက ပြောဆိုထားပါတယ်။
ကရင်နီပြည်နယ်ရဲ့ ၂၀ ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျန် ၂၀ ရာခိုင်နှုန်းကတော့ ၂ ဘက်စလုံး မထိန်းချုပ်နိုင်တဲ့ မြို့ပေါ်နဲ့ တိုက်ပွဲ နယ်မြေတွေ ဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။