ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောင်လေးကျေးရွာက ခလေး ၆ ယောက် မိခင် Nu Biak Hnem အသက် (၄၅)နှစ်ဟာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက “မိုင်းနင်းမိတဲ့သူနဲ့ သူ့ရဲ့သူငယ်ချင်း ၄ ဦးတို့က ဒီနေ့မနက်ပိုင်း ၉ နာရီလောက်မှာ လိပ်ပြာဥ ရှာဖို့ သွားရင်း တစ်ဦးက မိုင်းနင်းမိလို့ သေသွားတယ်လို့ ကျနော် ကြားတယ်” လို့ပြောပါတယ်။
လိပ်ပြာဥ ရှာရင်းသွားကြတဲ့ ဇောင်လေးကျေးရွာနေ ဒေသခံ ၄ ဦး ထဲမှာ NU Biak Hnem ဟာ မိုင်းနင်းမိပြီး ခြေတဖက် ပြတ်သွားကာ သွေးထွက်လွန်ပြီး သေဆုံးရတာလို့လည်း သိရပါတယ်။
ချင်းပြည်နယ်အတွင်း ပြီးခဲ့တဲ့လ စက်တင်ဘာလ (၂၆) ရက်နေ့ကလည်း တောင်ယာသွားတဲ့ အသက်ကြီးပိုင်းတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားခဲ့ရပြီး သူနဲ့အတူသွားတဲ့ အသက်ကြီးပိုင်း အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်နယ်အတွင်း မြေမြုပ်မိုင်းနင်းမိလို့ ချင်းလူမျိုး ၂၀ ဦး သေဆုံးခဲ့ရပြီး ၃၇ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ မှတ်တမ်းအရ သိရပါတယ်။