ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲမေ တစ်ဦး သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလင်းဝင်ရောက်ရန် ဆက်သွယ်လာခဲ့သည့် ရဲမေကို ချင်း အမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့၏ အကူအညီဖြင့် ခေါ်ဆောင်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်း၏ဆန္ဒအရ ဆက်လက်၍ လက်နက်ကိုင် လိုခြင်းမရှိသဖြင့် သက်ဆိုင်ရာ ရပ်ကျေး /မြို့နယ် ပအဖများသို့ ထပ်မံ ဆက်သွယ်ကာ စနစ်တကျ လွှဲ ပြောင်း အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“အလင်းဝင်ခဲ့တာတော့ ကြာပြီ၊ ၂ လ လောက်ရှိတော့မယ်၊ သူ့ကို သွားခေါ်ခဲ့ရတာလည်း ကြာခဲ့သေး တယ်။ မိသားစုတော့မပါဘူး၊ လက်နက်ခဲယမ်းတွေလည်းမပါဘူး၊ အခုလက်ရှိတော့ သူ့ကို မြို့နယ် ရပ်ကျေး ပအဖတွေဆီလွှဲပြောင်းအပ်နှံထားပါတယ်” ဟု ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သို့ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လက်နက်ကိုင်မဟုတ်သော အခြားဝန်ထမ်း ၁ ဦး၊ ပျူစောထီးရွာများမှ ထွက် ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ အလင်းဝင်လာသူများကို တပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်း၊ စည်းကမ်း ဥပဒေများနဲ့အညီ စုံစမ်းစစ်ဆေးမေးမြန်းပြီး ၎င်းတို့၏ဆန္ဒနဲ့အညီ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က ထုတ်ပြန် ထားသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက်တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး – ABSDF ထံမှ သိရသည်။
မတ်လ ၃၀ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ တပ် သား ၁ ဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – ABSDF ထံသို့ ဆက်သွယ်ကာ MA-1 သေနတ် ၁ လက်၊ ကျည် အတောင့် ၁၂၀ နှင့်အတူ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို ABSDF အမှတ် ၂ စစ်ကြောင်းမှ ဂုဏ်ပြု ဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ တပ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ ဆဲဆိုကြိမ်း မောင်းခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း ၊ အထက်အရာရှိများကလည်း တပ်ဖွဲ့အတွင်းရှိ လက်အောက်ငယ်သားများကို အနိုင်ကျင့်နှိပ်စက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ထိုးကြိမ်ရိုက်နှက် ခြင်း၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းတို့ကို ၎င်းကိုယ်တိုင်လည်းတွေ့မြင်ခံစားခဲ့ရသဖြင့် ပြည်သူလူထုနှင့် တသားတည်း ရပ်တည်ရန် ABSDF တာဝန်ရှိသူများကို ဆက်သွယ်ကာ ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – ABSDF အနေဖြင့် ပြည်သူ့ဖက်မှ ရပ်တည်လိုသော အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော စစ်ကောင်စီ တပ်သားများ ကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။