နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားတဲ့ ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်ထဲက မော်ဖူးဗျုဟာ စခန်းကို မနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က ရုတ်သိမ်း ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU ) တပ်မဟာ ၅ က အသိပေးပါတယ်။
အဲဒီစခန်းဟာ ဖာပွန်ခရိုင် ၊ ယယ်မူပလောကျေးရွာအုပ်စု ထဲမှာ ၁၉၉၇ ခုနှစ်ကတည်း က နေရာယူတပ်စွဲထားတာဖြစ်ပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်းအမှတ် ခမရ ၃၄၉ ရဲ့ အခြေချ ဗျုဟာ စခန်း ဖြစ်တယ်လို့သိရပါတယ်။
စခန်စွန့်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖလပ်ခိုကျေးရွာအုပ်စု ကူခိုတပ်စခန်း ဆီ သွားရောက်ပူးပေါင်းနေတယ်လို့ KNU တပ်မဟာ ၅ ကဆိုပါတယ်။
အခုစွန့်ခွာသွားတဲ့ မော်ဖူးဗျုဟာစခန်းက လည်းပြီးခဲ့တဲ့ရက်ပိုင်း ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက် နေ့တွေက ဖာပွန် ခရိုင် ၊ လယ်ကလေကျိုးစခန်းနဲ့ ကျုလူစခန်း ၂ ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ပူးပေါင်းထားတဲ့ စခန်းဖြစ်ပါတယ်။
KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေဟာ မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတွေပိတ်ဆို့ဖြတ်တောက်ခံရပြီး ဝန်းရံတိုက်ခိုက်ခံရချိန်မှာ စခန်းစွန့်လာကြတာလို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
KNU ဗဟိုရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း. KNU ထိန်းချုပ်နယ်မြေ ထဲမှာ စစ်ကောင်စီတပ်တွေဟာ ခံစစ်ကနေ ခွာစစ်ကိုပါ လုပ်ဆောင်နေရတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။
” ကျနော်တို့သွားပြီးတော့ တိုက်စရာမလိုပဲနဲ့ သူတို့ ပြန်ပြီးတော့ဆုတ်ခွာတယ်ဗျ” လို့ ပဒိုစောတောနီးက ဆိုပါတယ်။
KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ ဝန်းရံပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်မှုတွေကြောင့် အခု ၂၀၂၄ နှစ်ဆန်းပိုင်းမှာတင် KNU ထိန်းချုပ်နယ်မြေထဲမှာ ဆုတ်ခွာသွားရတဲ့စစ်ကောင်စီ စခန်း ၁၀ ခုကျော် ရှိနေပါပြီ။