ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၅၀ခန့်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။
ဩဂုတ် ၁ရက်မှ ၃၁ရက်အတွင်း တိုက်ပွဲပေါင်း ၁၄၃ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၈၈ဦး သေဆုံးကာ ၅၇ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါ တိုက်ပွဲများ၌ တပ်မဟာ(၅)ဘက်က ရဲဘော် ၅ဦးကျဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။
ဩဂုတ်လတိုက်ပွဲများအတွင်း စစ်အုပ်စု၏ ရုံးနှင့် အခြားအဆောက်အဦး ၇လုံး၊ စစ်သုံးမော်တော်ယာဉ်တစ်စီးတို့အား ဖျက်ဆီးနိုင်ခဲ့ပြီး ထောက်ပို့မြည်း ၂၅ကောင်ကိုလည်း သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထု နေထိုင်ရာ ရွာများနှင့် လယ်ယာ၊ တောင်ယာ လုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။