ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်၍ အရပ်သား ပြည်သူသေဆုံးထိခိုက်ပြီး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း တပ်မဟာ(၅)က အသိပေး ထုတ်ပြန်သည်။
ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်များကို KNU တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၉ရက်မှ စတင်၀ိုင်းရံ ပိတ်ဆို့ထားသည့် အခြေအနေတွင် ဒရုန်းတိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်နေရာ စစ်ကောင်စီက ဖာပွန်မြို့ပေါ် နေရာများ၊ ဒေသတွင်းရှိ ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မတ်လ ၂၄ရက် ညနေပိုင်း၌ ဖာပွန်မြို့ခံများ ဖြစ်သည့် စောမြခြယ်(၅၀)နှစ်နှင့် ချိုအေး(၄)နှစ် တို့ အသက်ဆုံးရှုံးခဲ့ရပြီး အသက် ၃၈နှစ်အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် မတ်လ ၂၄ရက်မှ ၂၆ရက်အတွင်း စစ်ကောင်စီ၏ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများကို စိုးရိမ်ကြောက်လန့်၍ ဖာပွန်ဒေသခံ ပြည်သူ ၄၀၀ ခန့် ဘေးလွတ်ရာ သို့ တိမ်းရှောင်နေကြရသည်ဟုလည်းသိရသည်။
စစ်ကောင်စီတပ်သည် မတ်လ ၂၆ရက် တွင် တိုက်လေယာဉ်ဖြင့် ဖာပွန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖာပွန်ခရိုင် လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ နီးဒိုထာ၊ တာဒိုထာနှင့် ထူမောဒဲရွာများအတွင်းသို့လည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မတ်လ ၂၅ရက်ကလည်း ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာအုပ်စုအတွင်းရှိ ကလောထာကျေးရွာအတွင်းသို့ ဒရုန်းသီးများကြဲချခဲ့ရာ အပြစ်မဲ့ပြည်သူအိမ်(၄)လုံးထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာများဖြစ်သည့်ဝက်(၃)ကောင်၊ ဆိတ်(၂)ကောင်နှင့် ခွေးတစ်ကောင်သေဆုံးသွားသည်ဟုKNU တပ်မဟာ ၅ ကအသိပေးထားသည်။
KNU ပူးပေါင်းတပ်များအနေဖြင့်ဖာပွန်ရှိ စစ်ကောင်စီတပ်များ ဖယ်ရှားနိုင်ရေး ဖိအားပေးလျက်ရှိကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။