ဖာပွန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၃၄၀) တပ်ရင်းကိုစခန်းသိမ်းတိုက်ပွဲတွင် တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်ကိုဘေကြီးနဲ့ ရဲဘော်ကိုငှက်တို့ ဧပြီလ ၂၄ ရက်က တော်လှန်ရေးနှင့် တိုင်းပြည်အတွက် ရဲရင့်စွာတာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
“ကျဆုံးသွားသည့် ရဲဘော် ကိုဘေကြီး နှင့် ရဲဘော်ကိုငှက် တို့ကို အာဇာနည်သူရဲကောင်းများအဖြစ် သတ်မှတ်ပြီး တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဦးညွှတ်ကာ ရဲဘော်တို့၏ သတ္တိကို အစဉ်အမြဲ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ဂုဏ်ပြုခဲ့ပါတယ်။
ဖာပွန်စစ်ဆင်ရေးကို ပြီးခဲ့တဲ့ မတ်လ၁၉ ရက်ကစတင်ခဲ့ပြီးနောက် မတ်လ ၂၄ ရက်တွင် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ကင်းစခန်းများကို ရရှိခဲ့ပြီး မတ်လ ၂၆ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဖာပွန်မြို့ကို သိမ်းကိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ NUG ကာကွန်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၁၉)ကို မတ်လ ၃၀ရက်နဲ့ ခမရ-၄၃၄ ကိုဧပြီ ၂၅ ရက်က တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကပြောပါတယ်။
တောင်ပိုင်းစစ်ဒေသ(JOC) ကွပ်ကဲမှုဖြင့် ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ NUG ကထုတ်ပြန်ပါတယ်။
ဖာပွန်ခရိုင်ရှိ မြို့နယ် ၃ ခုကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေတယ်လို့ KNLA တပ်မဟာ ၅ က ဆိုပါတယ်။
တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။