ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီနေရာနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၄ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆိုင်းတောင် ဆိပ်မူကျေးရွာအလယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် စစ်ကောင်စီရဲတပ်ရင်း (၃၀) စခန်းကုန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဓိကက စစ်ကောင်စီရဲ့ စရဖရုံးကို အဓိကထားတိုက်တာ။ စခန်းကုန်းကိုကျ စစ်ကူလာလို့မရအောင် ဝိုင်းထိန်းတာပေါ့။”
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆိပ်မူကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်ပျက်စီးပြီး အရပ်သားထိခိုက်မှုများရှိသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။
“မနက်ကဈေးသွားတော့ ကြားရတာက အရမ်းပျက်စီးတယ်ဆိုလို့၊ လူထိတယ်တွေရော ပြောနေလို့ စစ်တပ်ကုန်းအနီးကလူတွေ မေးကြည့်တော့ မဖြစ်ဘူးပြောတာပဲ။”
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများခိုက်သေဆုံးမှုရှိကြောင်း ကြားသိရသော်လည်း Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဆိုင်းတောင်ကျေးရွာတွင် စက်တင်ဘာ ၂၁ ရက်နေ့ ညနေကလည်း ဆေးခန်းလာပြသည့် စစ်ကောင်စီရဲများ ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။