ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဓားပြတိုက် ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်မှာ ပျူစောထီးများဖြစ်ပြီး ၎င်းတို့၏ ခေါင်းဆောင်မှာ စစ်ကောင်စီတပ် တပ်မ ၃၃ မှ ဗိုလ်မှူးမင်းထက်အောင် ဖြစ်ကြောင်း သိရသည်။
ဖားကန့်ရှိ ဈေးဆိုင်နှင့် ငွေကြေးချမ်းသာသူများကို တောင်းသည့်ငွေကို မပေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေတောင်းသည့်အဖွဲ့ခေါင်းဆောင် ဗိုလ်စောမောင်ကို KPDF အဖွဲ့က ဇူလိုင်လအတွင်းက ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုအရ တပ်မ ၃၃ မှ ဗိုလ်မှူးက ညွှန်ကြားခိုင်းစေနေခြင်း ဖြစ်ကြောင်းသိရသည်။
“ဗိုလ်မှူးမင်းထက်အောင်ကို ဝေစုပေးရတယ်။ ဗိုလ်ကြီးဗညားဆိုသူက ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်တာ။ ဗညားကအထူးကွန်မန်ဒိုအဖွဲ့ထဲကဆိုပြီး စစ်မေးတဲ့အချိန်မှာ ပြောတယ်။ သူတို့အဖွဲ့က ၆ လပိုင်းလောက်က မြို့ပေါ်မှာသောင်းသောင်း ကျန်းကျန်း ဖြစ်လာတာ။ ပြီးခဲ့တဲ့ ၇ လပိုင်းက ရွာတစ်ရွာကို ပိုက်ဆံလာယူတဲ့အချိန်မှာ စောင့်ဖမ်းခဲ့တာ” ဟု KPDF က ရဲဘော်တစ်ဦးက ပြောသည်။
ပျူစောထီး ဗိုလ်စောမောင်ကို ဖမ်းဆီးရမိချိန်တွင် ခြိမ်းခြောက်တောင်းယူ ထားသည့် ငွေကျပ်သိန်း ၃၀ ၊ ခြေရာခံစက်ထည့်ထားသည့်သေနတ်အတုတစ်လက် တို့နှင့်အတူ ဆိပ်မူ ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို နောက်ကွယ်မှ စေခိုင်းနေသူများသည် စစ်ကောင်စီတပ်ဖွဲ့မှ ဖြစ်ကြောင်းကို စစ်ဆေးမေးမြန်းမှုများအရ သိရှိရခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဖားကန့် မြို့ပေါ်တွင် ငွေညှစ်တောင်းခံမှုများခြိမ်းခြောက်စာပေးပို့မှုများကို စစ်ကောင်စီတပ် ကဆက် လက်လုပ်ဆောင်နေကြောင်း သိရသည်။