ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းအား KIA၊ KPDF ပူးပေါင်းတပ်တို့က ယနေ့နံနက်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ပြီးနောက် ကသိုဏ်းတောင်ခြေရှိ နမ့်မှော်ကျေးရွာဒေသခံ ငါးရာနီးပါး ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းများသို့ ခိုလှုံရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မှော်ရှန်ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်ဖို့ လူငါးရာလောက် ရောက်လာခဲ့ကြပါတယ်။ စိန်မြသုခ ကျောင်းမှာတော့ နှစ်ဆယ်လောက် ရောက်နေတယ်လို့ သိရတယ်။”ဟု မှော်ရှန်ကျေးရွာသားတစ်ဦးက ပြောသည်။
ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်မှ ၈ နာရီခန့်ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် အကြိမ်တစ်ရာခန့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး၊ ယင်းကဲ့သို့ ထပ်မံပစ်ခတ်လာလျှင် ကျေးရွာများအတွင်း ကျရောက်လာ၍ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနိုင်သဖြင့် တိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဖားကန့်မြို့မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၂၀၂၂ နှစ်ခုတွင်လည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် SNA တပ်တို့ကတစ်ဖက် KIA၊ PDF ပူးပေါင်းတပ်တို့ကတစ်ဖက် ယခုလိုတိုက်ပွဲများ ပြင်းထန်ဖြစ်ပွါးခဲ့၍ ဆယ်ဇင်းကျေးရွာဒေသခံများ ဖားကန့်မြို့ရှိ ဘာသာရေးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင်လည်း ပန်းတင်တံတား၌ စခန်းချနေသည့် စစ်ကောင်စီတပ်ကို KIA၊ KPDF ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။