ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်တွင် သိမ်းပိုက် လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ် က ပြောသည်။
ဆယ်ဇင်းရှိ စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းတပ်စခန်းကို KIAတပ်မဟာ(၉) တပ်ဖွဲ့များ ဧပြီ ၉ရက် နံနက်တွင် စခန်းသိမ်းတိုက်ခိုက်ရန် ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
” မိမိဘက်က ပစ်ပြီး ချဉ်းကပ်လာတော့ လက်မြောက်တာလေ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်နက်ချသည့် စစ်ကောင်စီတပ်သားနှင့် ရှမ်းနီတပ်ဖွဲ့ဝင် ၂၃ဦးရှိပြီး လက်နက် ၂၂လက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ် ပြောသည်။
KIAသည် ဖားကန့်မြို့နယ် နမ့်ယားဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နေ့လည်ပိုင်းအထိ တိုက်ခိုက်နေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။