ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA နှင့် PDF အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ကာ တာမခန်ရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်းသိရသည်။
“တာမခန်ဘက်မှတော့ တိုက်ပွဲဖြစ်နေပြီ ၄ နာရီ ခွဲလောက်ကနေ စပြီးချနေတာ တာမခန် စစ်တပ်ကုန်းရယ် ရဲစခန်းရယ် ၂ နေရာကို တိုက်နေတာ။ ညနေ ၅ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၂ ကြိမ်ရှိပြီး ဗုံးကျဲတာ။ အခု ဖားကန့် စစ်ခွေး ဗျူဟာ ကုန်းကလည်း လက်နက်ကြီး လှမ်းထုတာ ၅ ကြိမ်လောက်ရှိပြီ” ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိ တာမခန်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း သတင်းများရရှိထားသော်လည်း KIA ဘက်က တရားဝင် အတည်ပြုခြင်းမရှိသေးပေ။