ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်သုံးဆီမော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်က ဝင်ခွင့်ပိတ်ထားတာကြောင့် အရင်ထက်ဈေး ၂ ဆ လောက် မြင့်တက်သွားပါတယ်။
စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က စက်သုံးဆီသယ်ယာဉ်တွေကို ဇွန် ၂၇ ရက်နေ့က စတင်ပြီး ဖြတ်သန်းခွင့်ပိတ်ပင်ထားတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ဆီပြတ်လပ်နေပြီး လမ်းဘေးဆီဆိုင်ငယ်လေးတွေမှာ ဝယ်ယူအသုံးပြုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နန်းယားဂိတ်မှာက စက်သုံးဆီတင်ယာဉ် အဝင်မခံတော့ဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ အကန့်အသတ်နဲ့ ဝင်ခိုင်းသေးတယ်။ အခုက လုံးဝဝင်မရတော့ ပန့်ဆိုင် အတော်များများမှာမှာ ဆီပြတ်နေတယ်။ လမ်းဘေး လီတာခြင်ခွက်နဲ့ ရောင်းတဲ့ဆိုင်တွေမှာပဲ ဆီ ရတော့တယ်။ ဈေးကတော့ အရင်ထက် နှစ်ဆ ပေးပြီး ဝယ်နေရတယ်” လို့ ဆိုင်ကယ်မောင်းနှင်သူတယောက် ပြောပါတယ်။
စက်သုံးဆီ မော်တော်ယာဉ်တွေ အကန့်အသတ်နဲ့ ဖြတ်သန်းခွင့်ပြုခဲ့တုန်းက ဖားကန့်မြို့နယ်ထဲမှာ 92 စက်သုံးဆီ တလီတာကို ၂၅၀၀ ကျပ်ကနေ ၃၀၀၀ ဝန်းကျင်ဈေးရှိခဲ့ပြီး အခုတော့ 92 တလီတာ ကျပ် ၅၀၀၀ ကနေ ၆၀၀၀ အထိ ရောင်းချနေကြတာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ရေနံထွက် ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့စက်သုံးဆီဆိုင် ပေါင်း ၁၈ ဆိုင်ရှိပြီး ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလက စတင်ပြီး အခုအချိန်ထိ ပိတ်ပင်ထားတာဖြစ်ပါတယ်။