ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာရှိ ရဲစခန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆိုင်းတောင်ရဲစခန်းကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ်ခတ်သံတွေက နေ့တိုင်း၊ ညတိုင်းလိုလို ကြားရတယ်။ ဒီ ဖားကန့်ဘက်မှာက အခြေအနေက တင်းမာနေတာ။ ဘယ်ချိန် တိုက်ပွဲ ပြင်းထန်လာမလဲ မသိဘူး” လို့ သူက ပြောပါတယ်။
ဖားကန့် တာမခန် ရဲစခန်းကိုတော့ ဖေဖော်ဝါရီ ၂၇ က်နေ့ မနက် ၈ နာရီ ဝန်းကျင်ခန့်က KIA နဲ့ KPDF ပူးပေါင်း အဖွဲ့ကသိမ်းပိုက်ကာ မီးရှို့ရှင်းလင်းခဲ့ပြီး ရဲ ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက် တချို့လည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။