ဖားကန့်မြို့နယ် ဝှေခါရွာမှ စစ်တပ်စခန်းကုန်းနှင့် ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်စခန်းကုန်း သိမ်းယူနိုင်ပြီးနောက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်နေသည်။
ဝှေခါရွာစစ်တပ်စခန်းကုန်း နှင့် ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၆ရက်နံနက် ၄နာရီ ၅၇ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
” ၇နာရီ ၄၅ မိနစ်မှာဝှေခါစကစကုန်းကို ရတယ်။ ၈နာရီ ၁၅မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဝှေခါစကစကုန်းပေါ်ကိုဗုံးကြဲတယ်။ နောက်ထပ်လည်း လေကြောင်းသတင်း ရထားတယ်”ဟု KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ပစ်ခတ်တိုက်ခိုက်တဲ့အသံတွေကသိပ်မကြာပေမယ့် ပြင်းထန်ပါတယ်။ ရင်တွေ တုန်နေရတယ်။ အခု စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲနေတယ်”ဟု ဝှေခါဒေသခံတစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။ စစ်ကောင်စီက မြစ်ကြီးနားမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် နံနက် ၉ နာရီအထိ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
“ဗုံးခိုကျင်းတွေ ပြန်တူးရမယ်။ အခြေအနေအရ လူထုဟာ လုံခြုံရေးသတိရှိနေရမယ်” ဟု ဒေသခံတစ်ဦးကပြောသည်။