ကရင်နီ(ကယား)ပြည်နယ်၊ဖားဆောင်း မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးကြောင်း ဖားဆောင်း PDF မှတာဝန်ရှိသူကပြောသည်။
ယမန်နေ့(ဇွန် ၁၈) ည ၉ နာရီခွဲခန့်က ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့သည်။ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊Loikaw PDF နှင့် EAO အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထားသောတော်လှန်ရေးရဲဘော်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ယောက်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။
“အင်အား၁၀၀ကျော်ပါတယ်။သံလွင်အရှေ့ဖက်ခြမ်းကို ၁၆ ရက်လောက်ကတည်းက စတိုးလာတဲ့စစ် ကြောင်းပါပဲ။လက်ရှိအခြေအနေအရ တိုက်ပွဲ ဆက်ဖြစ်နေဦးမှာပဲ”ဟု ဖားဆောင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် ဇွန်လ ၁၇ ရက်ကလည်း သံလွင်အရှေ့ဖက်ခြမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်မှ အနည်းဆုံးနှစ်ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်းရှိခဲ့သည်ဟု ဆိုသည်။ဇွန် ၁၇ရက်တိုက်ပွဲတွင်မူ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် မှရဲဘော်နှစ် ဦး ဒဏ်ရာရရှိခဲ့သည်။
မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်း ၃ ခုနှင့် ရဲစခန်း တစ်ခုတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက ဇွန် ၁၅ ရက်က ဖားဆောင်းမြို့နယ်အတွင်းစစ်တပ် အင်အားတိုးမြှင့်ချထားပြီး စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။