ထားဝယ်ဒေသမှာ ထင်ရှားတဲ့ ဖိုးဖိုးကျောက် ကမ်းခြေရှိရာ လောင်းလုံးမြို့နယ် ညောပြင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီနေ့ညနေပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက် ၉ နာရီလောက်ကတည်းက ဖိုးဖိုးကျောက်ကမ်းခြေ အရှေ့ဘက် ဥယျာဥ်ခြံထဲက တဲတွေကိုမီးရှို့ပြီးနောက် မွန်းလွဲပိုင်းမှာ ညောပြင်ရွာထဲကို ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် အခု ညနေ ၅ နာရီခွဲလောက်မှာ ညောပြင်ရွာ အနောက်ပိုင်းကနေအိမ်တွေကို မီးစတင်ရှို့နေတာလို့ ဒေသခံတွေက ပြောပြပါတယ်။
“အခုပဲရှို့နေတာ။ မီးကတော်တော်များတယ်ဗျ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မီးရှို့တာအပြင် ညောပြင်ရွာထဲက နေအိမ်အများအပြားကိုလည်း ရိုက်ဖျက်တာ၊ မွှေနှောက်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေ ပြောပြချက်အရသိရပါတယ်။ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးပါဘူး။
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကောင်စီတပ်ဖွဲ့ဟာ ရဘဲရွာကတဆင့် မနေ့က ညပိုင်းမှာ ဖိုးဖိုးကျာက်ကမ်းခြေကို တောလမ်းအတိုင်းဝင် ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ညောပြင်ရွာကဒေသခံတွေကတော့ စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့ မနေ့ညပိုင်းကတည်းက နီးစပ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာလည်း လောင်းလုံးမြို့နယ်က စစ်ပြဲ၊ လေးသွန်းခံ၊ ဟင်းချိုတော၊ သံလျှင်နဲ့ သကျက်တောရွာတွေက နေအိမ် ၄၀ နီးပါးကို မီးရှို့ခဲ့ပါသေးတယ်။
၂၀၂၃ ခုနစ် မတ်လကလည်း အခုမီးရှို့ခံနေရတဲ့ ညောပြင်ရွာနဲ့ အနီးအနားက အောက်ကျောက်ဝပ်ရွာတွေက နေအိမ် ၁၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။