ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး၏ ၃ နှစ်ပြည့်အဖြစ် အသံတိတ် သပိတ်ပြုလုပ်ရန် တော်လှန်ရေး သပိတ်ခေါင်းဆောင်များက ပြည်သူလူထုကို ပန်ကြားနေချိန်တွင် စစ်ကောင်စီက အသံတိတ် သပိတ်ကို ဖျက်ဆီးရန်အတွက် အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ် သပိတ် မဖြစ်မြောက်စေရန်အတွက် ပြည်နယ်/တိုင်းအစိုးရ စစ်ကောင်စီများအနေဖြင့် လမ်းမများပေါ်တွင် လူမပြတ်စေရေး ပွဲလမ်းသဘင်နှင့် လူထုလှုပ်ရှားမှုများ မဖြစ်မနေ လုပ်ဆောင်ရန် နေပြည်တော်စစ်ကောင်စီက အမိန့် ထုတ်ထားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ဆောင်ရွက်မည့်နေ့တွင် မြန်မာပြည်တစ်ဝန်းရှိ မြို့ကြီးများနှင့် ရပ်ကွက်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် စစ်ကောင်စီက အောက်ပါအစီအစဉ်များ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားသည်။
အသံတိတ်သပိတ်ကို ဖျက်ဆီးရန်အတွက် ပြည်နယ်/တိုင်း စစ်ကောင်စီများက ဆောင်ရွက်ရမည့် အစီအစဉ်များမှာ-
– စျေးဆိုင်များမဖွင့်မနေရဖွင့်လှစ်စေခြင်း(မဖွင့်ပါကအရေးယူရန်)
– စုပေါင်းသန့်ရှင်းရေးလုပ်ခြင်း
– စျေးရောင်းပွဲများကျင်းပခြင်း
– မီးငြိမ်းသတ်သရုပ်ပြခြင်း
– ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း
– ဝန်ထမ်းများအားအရပ်ဝတ်ဖြင့်အပြင်သွားလာစေခြင်း
– ဝန်ထမ်းများအား အရပ်ဝတ်ဖြင့် ရုံးချိန်နောက်ကျမှလာစေခြင်း၊ရုံးချိန်ထက်စော၍ပြန်စေခြင်း
-ပျော်ပွဲရွှင်ပွဲများ၊ဆွမ်းဆန်တော်လောင်းပွဲများ ဆောင်ရွက်ရမည်ဟု နေပြည် တော်က ညွှန်ကြားထားကြောင်း သိရှိရသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ အခြေခံပညာကျောင်းများတွင် ပျော်ပွဲ ရွှင်ပွဲများ၊ အခြေခံပညာကျောင်းများအလိုက် လှုပ်ရှားမှုများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။