စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားတစ်ဦး သေဆုံးပြီး အမျိုးသမီးအချို့အပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖောင်းပြင်မြို့နယ် သရောင်းနှင့်ထောမကျေးရွာအား ယမန်နေ့(ဒီဇင်ဘာ၂၁ ရက်) ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံး ၁၃လုံးအထိ ကြဲချခဲ့ခြင်းဟု ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မြေပြင်မှာပါတိုက်ပွဲမှမရှိပါဘူး။ ဟုမ္မလင်းကနေတက်လာတဲ့ ရဟတ်ယာဉ်နဲ့ ပစ်ချတာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် (၃၂)နှစ်အရွယ် ကိုကျော်စိုးသေဆုံးပြီး အမျိုးသမီးလေးဦး၊ အမျိုးသား ငါးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ ဒဏ်ရာရသူများဆေးကုသမှုခံယူနေရဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ဖောင်းပြင်မြို့နယ်အပြင် ဟုမ္မလင်း၊ရွှေပြည်အေး၊ တမူးမြို့နယ်တို့ကို ဟုမ္မလင်းမှ တက်လာသော Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မကြာခဏဗုံးကြဲတိုက်ခိုက်နေကြောင်း ကာကွယ်ရေးရေးဘော်များက ပြောသည်။
လေကြောင်းသတင်းများအား ပြည်သူများအနေဖြင့် သတိထားစောင့်ကြည့်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အချိန်နှင့်တပြေးညီ ပေးပို့ပေးကြပါရန် လူထုတော်လှန်ရေးသတင်းများဖော်ပြနေသည့် Just You Homalin Media က တိုက်တွန်းထားသည်။