စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်၊ အင်ဝိုင်းကျေးရွာက ပြည်သူ ၉ဦးကို နေအိမ်နဲ့ ဘုန်းကြီးကျောင်းထဲထည့်ကာ အကြမ်းဖက် စစ်တပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်သားနဲ့ ပျူတွေဟာ မေ ၁၇ရက် မနက် ၅နာရီက အင်ဝိုင်းကျေးရွာကို စစ် ကြောင်းထိုးဝင်ရောက်ခဲ့ကာ ရွာတွင်းရှိ ပြည်သူများကို ဖမ်းဆီးပြီးတော့ အတင်းအဓမ္မနှိပ် စက်ပြီးဘန်ကာ၊ ကတုတ်ကျင်းများ တူးခိုင်းခဲ့တာ၊ နေပူလှန်းကာရိုက်နှက်စစ်မေးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေကို ရက်ရက်စက်စက်ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။
“မနက်စောစော (၅)နာရီလောက်ကို ရွာထဲဝင်လာပြီး ရွာထဲမှာ ကျန်နေတဲ့သူတွေကိုဖမ်းတယ်ဗျ။ အဖမ်းခံရတာက ခန့်မှန်း (၁၀)ဦး လောက်ရှိမယ်။ အဲ့ထဲက အမျိုးသားတွေကိုဘန်ကာတွေ ၊ ကတုတ်ကျင်းတွေ လုပ်ခိုင်းတယ်။ မလုပ်နိုင်တဲ့သူတွေကို နေပူထဲမှာကြိုးတုပ်ထားပြီး ရိုက်နှက်တာစစ်မေးတာတွေလုပ်တယ်” လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ်နဲ့ ပျူတွေကို မနက် ၅နာရီခွဲမှာ တော်လှန်ရေးအင်အားစုတွေက တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ည ၇ခန့်မှာ အင်ဝိုင်းကျေးရွာအတွင်းကနေ အထိနာကာဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ ဆုတ်ခွါစဉ်တွင်လည်းရွာတွင်းနေအိမ်နှင့်ဘုန်းတော်ကြီးကျောင်းကိုအလောင်းများတင်ကာမီးရှို့ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်ကလည်း အထိအခိုက်အကျဆုံးများခဲ့တာကြောင့် ည၉နာရီမှာ တစ်ကြိမ် ည ၉နာရီ ၁၅မိနစ်မှာ တစ်ကြိမ် တံတားဦးတက် ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ကျတယ်လို့ သိရပါတယ်။
” ကိုယ့်ဖက်က လူတွေနဲ့ တိုက်ပွဲဖြစ်တယ်။ စကစဖက်က အကျအဆုံးများမယ်ဗျ။ ကိုယ့်ဖက်က ရဲဘော်တစ်ယောက်ကျတယ်။ တံတားဦးက ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပစ်တာပြည်သူနှစ်ဆယ်လောက်ဒဏ်ရာရပြီး အိမ်တွေ မီးလောင်တာရှိတယ်။ ကိုယ့်ဖက်က ရဲဘော်တွေရွာကို ရှင်းလင်းရေးဝင်တော့ နှိပ်စက်ပြီးသတ်ထားခဲ့တဲ့ ပြည်သူအလောင်း(၆)လောင်းရတယ်။ အမျိုးသား(၃)လောင်း၊ အမျိုးသမီး(၃)လောင်းပေါ့။ (၁၃)နှစ်ကောင်လေး အလောင်းတစ်လောင်းပါတယ်။ အလောင်းမတွေ့သေးတဲ့ဟာက သုံးယောက်ရှိတယ်လို့ စာရင်းအရခန့်မှန်းရတယ်။ အိမ်တွေ ဘုန်းကြီးကျောင်းတွေ ပေါ်တင်ရှို့ပြီးအလောင်းဖျောက်တာလည်းဖြစ်နိုင်တယ် ” လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်ဆိုတာနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ပစ္စည်းတစ်ချို့တစ်ဝက်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။