ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ဦးကို ပြီးခဲ့တဲ့စက်တင်ဘာတလတည်းမှာပဲ ဖျာပုံခရိုင်တရားရုံးက သေဒဏ်ထပ်မံချခဲ့တယလို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။
ဘိုကလေးမြို့က ဦးဌေးဝင်း၊ ဦးကျော်မိုးလွင်တို့ကို အကြမ်းဖက်ပုဒ်မနဲ့ထောင် ၁၀ နှစ်စီချထားရာကနေ သေဒဏ်ထပ်ချခဲ့သလို မအူပင်မြို့နယ်က ထောင် ၅၆ နှစ်ချမှတ်ခံထားရတဲ့ ကိုဝေယံကျော်ကိုလည်း စက်တင်ဘာလထဲမှာ သေဒဏ်ထပ်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူကပြောပါတယ်။
သူတို့သုံးဦးဟာ ဖျာပုံမြို့နယ်၊ကျုံကျိုက်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးနဲ့ ဇနီးကို ပစ်ခတ်မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ်တွေချခံထားရတာဖြစ်ပါတယ်။ အလားတူပဲ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုပြီးနာမည်ကြီးတဲ့ ဒေါ်သူဇာပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲ ကာ ထောင် ၁၀နှစ်စီချမှတ်ခံထားရတဲ့ အသက် ၂၀ အရွယ်လူငယ်တွေဖြစ်တဲ့ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုပြည့်စုံဖြိုးနဲ့ ကိုမင်းသူအောင်တို့ကိုလည်း ပြီးခဲ့တဲ့လမှာပဲ သေဒဏ်ထပ်ချခဲ့ပါတယ်။
ဒီပစ်ခတ်မှု တွေဟာ ၂၀၂၂ ဧပြီလထဲမှာဖြစ်ခဲ့တာဖြစ်ပြီး ဘိုကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က သူတို့လုပ်ဆောင်တာဖြစ်ကြောင်း သတင်းတွေထုတ်ပြန်ထားခဲ့ဖူးပါတယ်။
ဒီဖြစ်ရပ်မှာ စွပ်စွဲပြီးနှစ်ရှည်ထောင်ချခံထားရသူတွေကိုတော့ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက စက်တင်ဘာလအတွင်းမှာပဲ ဆက်တိုက်ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေ့တဦးကပြောပါတယ်။
“ဧရာဝတီတိုင်း တရားရုံးတွေ ထဲမှာ ဖျာပုံခရိုင် တရားသူကြီး က သေဒဏ် အမိန့် ချတာ စံချိန်တင်တယ် ချန်ပီယံဆု ရလောက်တယ် အကြမ်းဖက်တွေ နဲ့ ပါတ်သက်လို့ ထောင်ချပြီး ဖြစ် နေတဲ့ နှစ်ကြီး သမား တွေ ကို ဒလန်သတ်မှု နဲ့ သေဒဏ် ထပ်ချတာပါ သေဒဏ်ချတာက စွဲချက်တွေ မခိုင်မာ ပဲ နဲ့ ချတာ ဆိုတော့ သိပ်ဆိုးလွန်းတယ် ” လို့ DNA ကိုပြောပါတယ်။
လက်ရှိသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ဦးကို အခုအောက်တိုဘာလထဲမှာ ပုသိမ်ထောင်ကိုပြောင်းရွေ့ဖို့ စီစဉ်နေတယ်လို့လည်း အကျဉ်းဦးစီး ဌာန ဝန်ထမ်း အချို့ထံ ကသိရပါတယ်။