ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကုန်းအင်းရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖြူးမြို့နယ်၊ ကုန်းအင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းအင်း အနောက်ရွာရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖြူးမြို့နယ် ကုန်းအင်းတောင်ရွာနှင့် အရှေ့ရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်းအင်းတောင်ရွာမှ အသက် ၆၈ နှစ်အရွယ် ဦးအောင်ကြည် ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“ဖြူးမြို့နယ် ကုန်းအင်းအရှေ့၊ အနောက်၊ တောင်ရွာတွေကို မီးရှို့နေတာပါ။ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်သားအလုံးအရင်းနဲ့ လာပြီး မီးရှို့နေပါတယ်။ မနေ့ကတည်းက ရောက်နေတာ စစ်တပ် စစ်ကြောင်းက ဘာတိုက်ပွဲမှ မရှိဘဲကို မီးရှို့နေတာ မနေ့က ကုန်းအင်း အနောက်ရွာကို ရှို့ပါတယ်။ ဒီနေ့ ကုန်းအင်းတောင်ရွာနဲ့ အရှေ့ရွာကိုရှို့ပါတယ်။ ကုန်းအင်းတောင်ရွာက နွားတွေကို စိတ်မချလို့ နေခဲ့တဲ့ ဦးအောင်ကြည်ကို စစ်တပ်က သတ်လိုက်တယ်လို့ သိရတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ခြမ်းရှိ မြို့လှကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ခြမ်းရှိ မြို့လှကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ ရာနှင့်ချီသော ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ အစ္စလာမ် ဝတ်ပြုဗလီကျောင်နှင့် ကျေးရွာအတွင်း နေအိမ် အနည်းငယ်သာ ကျန်ရှိတော့ကြောင်းသိရသည်။
ထို့ပြင် တည်သီးတောရွာနှင့် ဇီးဖြူကုန်းရွာတို့မှလာသည့် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်သည် လမ်း၌ မိုင်းမိသောကြောင့် မြိုလှကျေးရွာအတွင်း၌ ဆေးကုသနေပြီး မြို့လှကျေးရွာသည် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာဖြစ်ကြောင်း သိရှိရသည်။