ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ ခံ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၃ အာဠာဝက စစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ စက်ကုန်းကျေးရွာမှ သပြေခင်ကျေးရွာကို စစ် ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၅၀ ဝန်းကျင်ပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ ၁ အာဠာဝက စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန် ကြိုးစားသော်လည်း နောက်တွင်ရှိနေသည့်အကြမ်း ဖက် စစ်တပ်မှ အရာရှိများက ပစ်ခတ်နေသောကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ ၁ အာဠာဝက စစ်ကြောင်းထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ကျော် ထိခိုက်သေဆုံးမှုရှိပြီး ညနေ ၆ နာရီ မိနစ် ၃၀ ခန့်တွင် ယင်းစစ်ကြောင်းသည် စက်ကုန်းရွာ အတွင်း ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
လက်ရှိချိန်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ စစ်သုံ့ပန်း ဥပဒေနှင့် အညီ ထိန်းသိမ်း ထားပြီး ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။